Friday, 12 December 2014

ပထမဆုံးသူငယ္ခ်င္း(၂)

              ဒီလိုနဲ့ နော်က အောင်နိုင်ဝင်းဆိုတဲ့

သူငယ်ချင်းနဲ့ နှစ်ယောက်ပဲ အတန်းပိုင်ဆရာမပြောပြီး

အပ်ပေးခဲ့တဲ့ ဓါတုဗေဒဆရာမပိုင် ရာပြည့် လို့

နာမည်ပေးထားတဲ့ မထင်မရှားနေ့အထူးသင်တန်းနဲ့

ဘော်ဒါလေးမှာ စတင်ပြီး ကျူရှင်တက်ဖြစ်ကြပါတယ်။

        တကယ်တော့ ရာပြည့် ကျူရှင်ဆိုတာက

စာရေးသူတို့ကျောင်းမှာ ဓါတုဗေဒဘာသာသင်တဲ့

ဆရာမဒေါ်စီစီဖွင့်ထားတဲ့အရမ်းစေတနာကောင်းတဲ့

ကျူရှင်လေးပါ။ ကျူရှင်မှာသင်ကြားပေးတာက

စေတနာပါသလို တခြားကုန်ကျစရိတ်လည်း

အနည်းဆုံး ဘော်ဒါလေးပါ။

             စာရေးသူတို့ ကျူရှင်တက်ဖြစ်ကြပါပြီ။

တစ်လပြည့်ခဲ့တဲ့အချိန်ရောက်လာစဉ်မှာတော့

စာရေးသူနဲ့ သူငယ်ချင်းတို့ ကျူရှင်လခ

ဘယ်လောက်ပေးရမယ် ဆိုတာကို ခေါင်းစားပါတော့တယ်။

ကျူရှင်ကအခြားသူငယ်ချင်းများအားစုံစမ်းကြတော့

ကျူရှင်လခက ၆၅၀၀ တဲ့။

ကျူရှင်လခပေး ဖို့  ကျနော် နဲ့ အောင်နိုင်တို့

ဆရာမဒေါ်စီစီ ဆီကို  ချဉ်းကပ်စုံစမ်းမိတပေါ့။

ဒူးကတုန် ရင်ကခုန် နဲ့ နှစ်ယောက်သား

ဆရာမရှေ့အရောက် 

" ဆရာမ "

ဆရာမကြီးက ပြုံးလျှက် က

"သားတို့ဘာပြောချင်လို့လဲ"

တော်တော်ကိုနွေးထွေးခဲ့ပါတယ်။

တော်​တော်ကိုအားတက်မိပါတယ်။

"ဒီလိုပါဆရာမလကုန်ပြီဆိုတော့ သားတို့နှစ်ယောက်

ဆရာမကို ကျူရှင်လခပေးချင်လို့ပါ"

"အဲဒါကျူရှင်လခက ဘယ်လောက်ပေးရမှာလဲ

ဆိုတာမသိလို့ပါ ဆရာမ"

ကျနော် အရဲစွန့်ပြီးမေးခဲ့တဲ့အမေးပါ။

"သားတို့နှစ်ယောက်ကို ဆရာမက ဘယ်လောက်

ပေးပါဆိုပြီးမသက်မှတ်ပါဘူး သားတို့တတ်နိုင်

သလောက်ပဲ ပေးကြပါ"

"ဟုတ်ကဲ့ပါဆရာမ"

ဒီလိုနဲ့ကျူရှင်လခ တစ်ယောက် ကို

၂၅၀၀ ပေးပြီး ကျနော်တစ်ယောက်ပဲ

ကျူရှင်မှာဆက်လက်ပြီးတက်ဖြစ်တော့ပါတယ်။

ကျူရှင်လခကိုလစဉ်လတိုင်းစာရေးမများက

ကျောင်းသားများထံမှကောက်ခံသော်လည်း

စာရေးသူမှာ ကျူရှင်လခကိုစာရေးမနှင့်ပေးဆောင်

စရာမလိုဘဲ ဆရာမကြီးထံသို့သာပေးဆောင်

ရလေတော့သည်။

       အချိန်ကာလတွေကြာညောင်းပြီးချိန်တွင်

စာရေးသူမှာမိမိတို့၏ ကျူရှင်အားဂုဏ်တင်ပေးသူ

တစ်ယောက်ဖြစ်လာရန်အကြောင်းများလည်း

ကြုံရလေတော့သည်။ထိုနေ့ကတော့ဆရာမအသစ်က

စာရေးသူတို့အတန်းကိုစတင်ပြီးသင်ကြားတဲ့နေ့မှာပေါ့

ဘာသာကရူပဗေဒဘာသာသင်နေစဉ်

အပြောကြမ်းတယ် အရိုက်ကြမ်းတယ်

သဘောဆိုးတယ်လို့ နာမည်ကြီးတဲ့ ရူပဆရာမကို

အတန်းတစ်ခုလုံးကမမှိတ်မသုံသောမျက်လုံးများနဲ့

ကြောက်လန့်တကြားအာရုံစူးစိုက်နေကြလေပါ

တော့တယ်။

"ဒီ စာပုဒ်ကို ကိုယ်တိုင်တွက်ကြတော့

ဘယ်သူအဖြေကိုအရင်ရပြီးမှန်လဲကြည့်မယ်

မြန်မြန်လုပ်ကြ နင်တို့ကျူရှင်မှာ သင်ပြီးသားတွေမို့လား"

"ဆုပေးဒဏ်ပေးစနစ်နဲ့နော် အရင်မှန်တဲ့သူကို

ဆုချမယ်"

ဆရာမက ပြတ်သားသည်။ကျူရှင်သင်ထားတဲ့သူတွေဆို

သိပ်ပြီးအမြင်ကြည်လင်ပုံမရပါဘူး။

ဒါပေမယ့်ထိုနေ့က စာရေးသူက မိမိတို့ကျူရှင်၏ဂုဏ်ကို

ဆောင်နိုင်််ခဲ့လေသည်။

"ကဲ ဘယ်သူအရင်ပြီးလဲ"

"ပြီးပါပြီဆရာမ"

စာရေးသူပထမဆုံးတော့ တွက်လို့ပြီးခဲ့လေသည်။

ရင်တုန်တုန်နဲ့ ဆရာမဆီလှမ်းလျှောက်လာခဲ့ရာ

အနားရောက်တော့ ဆရာမက ဆက်မေးသည်။

"အဖြေကမှန်တာသေချာလား လူဦးလေးရဲ့"

ပြောကာစာအုပ်ကိုလှမ်းယူလိုက်သည်။

စာရေးသူက အသေချာအဖြေပေးလိုက်ပုံက

"မှန်မှာသေချာပါတယ် ဆရာမ"

ရဲဝင့်စွာဖြေကြားမိပါသည်။

ဆရာမဆီမှ ချီးကျူးသံထွက်လာမှ စာရေးသူ

ရင်အေးရလေတော့သည်။

"တော်တယ် မင်းဘယ်ကျူရှင်တက်တာလဲ"

"ရာပြည့်ကျူရှင်ပါဆရာမ"

"မင်းတို့ဆရာမကို ဆုချဘို့ပြောမယ် ရဲရင့်ပြီး

ကျူရှင်ရဲ့ဂုဏ်ကိုဆောင်လာတဲ့အတွက်ပေါ့"

"ကျေးဇူးတင်ပါတယ် ဆရာမ"

ဆရာမကပြုံးပြီးကြည့်နေလေသည်။

ထိုနေ့သည် စာရေးသူကို အောင်နိုင်သူတစ်ယောက်

ဖြစ်လာစေရန်များစွာအကျိုးပြုခဲ့လေသည်။

ညနေပိုင်းကျူရှင်ကိုရောက်လာသောအချိန်တွင်

အတန်းပိုင်ဆရာမနှင့်ဆရာမကြီးတို့မှ

စာရေးသူအားများစွာချီးမြှောက်ကြလေသည်။

စာရေးသူ၏ စွမ်းဆောင်ရည်မှာ ဘော်ဒါကျောင်းသားများ၏

စွမ်းရည်ကို ကျော်ဖြတ်ခဲ့လေသောကြောင့်

ညပိုင်းစာကျက်ဝိုင်းကိုတက်ရန် ဆရာမကြီးမှ

တိုက်တွန်းရာမှ ကျူရှင်တွင်နေထိုင်ပြီး

စာသင်ကြားရန်ဘော်ဒါတက်ရန်လမ်းဖွင့်ပေးလေတော့သည်။

စာရေးသူအား ကျူရှင်လစာအား တိုးပေးရန်မလိုကြောင်း

အမှတ်ကောင်းကောင်းနဲ့အောင်မြင်စေလိုကြောင်း

နားချကြသော်လည်း စာရေးသူမှာ ကျူရှင်မတက်

ဖြစ်တော့တဲ့ သူငယ်ချင်းတွေကို တွယ်တာပြီး

ယခင်အတိုင်းသာ နေ့စဉ် ကျူရှင်သင်ဖြစ်ပါတော့သည်။

       စာရေးသူ၏အားနည်းချက်မှာ ထိုစဉ်က

များစွာနစ်နာခဲ့စေသည်။စာရေးသူမှာများစွာ

ခေါင်းမာတတ်သူတစ်ယောက်ဖြစ်လေရာ တစုံ

တယောက်က စာကျက်မှတ်ရန်ပြောလာခဲ့လျှင်

ထိုညစာမကျက်ဖြစ်တော့ချေ။

           ထိုသို့ ဇွတ်တရွတ်နိုင်လှတဲ့စာရေးသူ၏

သူငယ်ချင်း အောင်နိုင်ဝင်း မှာဖြင့် အားပေးသူ

နည်းပါးသည့်ကြား မအားလပ်သည့်အခြေနေမှပင်

များစွာ စာကြိုးစားခဲ့လေသည်။ စာသင်ခန်းအတွင်မှ

မည်သူနဲ့ယှဉ်ယှဉ် စာအကြိုးစားဆုံးသူတစ်ယောက်

အဖြစ်ရပ်တည်နေမှာသေချာပါသည်။

သူငယ်ချင်းကရည်ရွယ်ချက်ကြီးမားသည်။

ခိုင်မာစွာဆုံးဖြတ်တတ်သည်။

ယုံကြည်ချက်မြင့်မားလှသည်။

ကျူရှင်မတက်လည်း ကြိုးစားလျှင် အောင်မြင်ရမည်

ဟု ယုံကြည်မှုလွန်ကဲရာမှ ကျူရှင်မတက်ဖြစ်ဘဲ

တက္ကသိုလ်ဝင်တန်းစာမေးပွဲအား ကြိုးစား၍

ဖြေဆိုခဲ့လေသည်။ သူ စာကြိုးစားခဲ့သည်။

ဂုဏ်ထူးများ ထွက်အောင်ဖြေမည်ဟု

ကြွေးကြော်ခဲ့လေသည်။ သူဖြေဆိုရာတွင်

အဆင်ပြေပြေဖြေဆိုနိုင်ခဲ့သည်ဟု

စာရေးသူ ယုံကြည်ခဲ့ပါသည်။

          ဒီလိုစာမေးပွဲဖြေဆိုချိန်တွေ ကျော်လွန်ပြီး

စာမေးပွဲ အောင်စာရင်းထွက်သောနေ့တစ်နေ့သို့

ရောက်ရှိလာပါတော့သည်။ ထိုနေ့က စာရေးသူတို့

သူငယ်ချင်းနှစ်ယောက်အတွက် လွန်စွာ ပျော်ရွှင်

ကြေကွဲရသောနေ့လေးတစ်နေ့ဖြစ်ခဲ့ပါသည်။

           စာရေးသူတို့သူငယ်ချင်းတွေ

တစ်ယောက်ကိုတစ်ယောက်အချစ်ပိုကြပါသည်။

ခုံနံပါတ်များကိုလည်း သုံးယောက်စာ

်အားလုံးမှတ်သားထားကြရာ စာရေးသူမှာ

မန-၄၈၄ သူငယ်ချင်းအောင်နိုင်ဝင်းမှာ မန-၆၂၄

အောင်ဝင်းစိုး မှာ မန-၄၂၄ ဖြစ်ကြလေသည်။

အောင်စာရင်းကြည့်ကြစဉ်မှာတော့

"ဟေ့ကောင် အောင်နိုင် မင်းခုံနံပါတ် အရင်ကြည့်"

ညီကြပါသည် သုံးဦးသား မန-၆၂၄ ကို

ဝိုင်း၍ရှာကြလေသည်။သို့သော်မတွေ့ရပါ။

"မင်းမပါရင် ငါတို့မကြည့်တော့ဘူး"

နှုတ်သွက်လှတဲ့ ငယ်လေးကပြောလာပါသည်။

"နီးတဲ့ငါ့ခုံနံပါတ် အရင်ကြည့်မယ် ၄၂၄ ရှာကွာ

ဟာ မပါဘူးကွ"

စာရေးသူရဲ့အပြောကို အောင်ဝင်းစိုးမှ

ထောက်ခံပါသည်။

"အေး ဟုတ်တယ် ငါ့အလှည့်ပေါ့

ဟေ့ကောင်တွေ ၄၈၄ ကတော့ ပါတယ်ကွ

နာမည်က မဟုတ်ဘူး မင်းနာမည်ကွ နွားလေးရဲ့"

မှန်ပါသည်။စာရေးသူတို့အမှတ်မှားခဲ့ကြပါသည်။

စာရေးသူ၏ ခုံနံပါတ်နှင့် ငယ်လေး၏ ခုံအမှတ်အား

လွဲမှားခဲ့တာဖြစ်ပါတော့သည်။

         သို့ဖြစ်ရာ သူငယ်ချင်း သုံးယောက်

မပျော်နိုင်ကြပါ။ အမှန်တကယ်စာပိုကြိုးစားပြီး

များစွာယုံကြည်မျှော်လင့်ခဲ့ရသော သူငယ်ချင်း

အောင်နိုင်၏ အမည်နာမမှာ အောင်စာရင်း၌

ပါမလာခဲ့ခြင်းက စာရေးသူတို့အား တွေဝေငေးငိုင်

စေခဲ့ပါသည်။ ဒီလိုနဲ့ စာရေးသူ၏အိမ်သို့

ပြန်ရောက်လာခဲ့ပါတော့သည်။အိမ်အဝင်အရောက်

"သားအောင်နိုင် ဒီဘယ်နှခုပါလဲ သားလေး"

အားတက်သရောမေးလာတဲ့ စာရေးသူ၏ မိခင်

ရဲ့စကားကအားလုံးကို ငြိမ်သက်စေပါသည်။

"သားမပါဘူး အန်တီ ကိုထွေးတစ်ယောက်ပဲ

အောင်တယ်"

"သားမအောင်ရင် ကိုထွေးက ဘယ်လိုအောင်မှာလဲ

ဟုတ်လို့လား သားတို့ရယ် အကြည့်မှားတာ

မဟုတ်ဘူးလား သေချာပြန်ရှာကြပါဦး"

စာရေးသူ၏ မိခင်မယုံပါ။ဖြစ်သင့်ပါသည်။

စာရေးသူတို့တသိုက် ဘာမှမပြောဖြစ်တော့

အတွေးကိုယ်စီနဲ့ ရည်ရွယ်ချက်အသစ်

မျှော်လင့်ချက်အသစ်တွေကို မည်သို့

အသက်သွင်းရမည်နည်း။

မသိတော့ စာရေးသူ ပျော်ရမည်လော။

ဝမ်းနည်းရမည်လော။မဝေဖန်တတ်တော့။

တကယ်ဆို စာရေးသူ၏အောင်မြင်မှုကို

ထုဆစ်ပုံဖော်ပေးခဲ့တဲ့အဓိကဇာတ်ဆောင်မှာ

သူ၏ အောင်မြင်မှုကိုတော့ သူမပိုင်ခဲ့ရှာပါဘူး။

         စာရေးသူ၏သူငယ်ချင်းမှာ အလွန်သန်မာ

လှပါသည်။ အရံှုးမှ အမြန်ဆုံး ရုန်းထွက်ခဲ့ပါသည်။

နောက်နှစ် စာမေးပွဲတွင်တော့ အမှတ်

ကောင်းကောင်းနှင့်အောင်မြင်ခဲ့လေသည်။

ထို့အပြင် ဆယ်တန်းအရင်အောင်သော

စာရေးသူထက် စောလျှင်စွာ ဘွဲ့ရရှိသွားခဲ့တဲ့

သူငယ်ချင်း အောင်နိုင်ဝင်းအတွက် စာရေးသူမှာ

များစွာဂုဏ်ယူ ဝမ်းမြောက်နေမိပါတော့သည်။

ကျေးဇူးအထူးတင်နေမိပါတော့သည်။

သူငယ်ချင်းသည် စာရေးသူ၏ ဆရာဟုပင်

ဆိုနိုင်လောက်တဲ့ ထူးမြတ်လှတဲ့ စေတနာရှင်

မေတ္တာရှင် တစ်ယောက် သိတတ်လိမ္မာသူ

တစ်ယောက်ဖြစ်ပါကြောင်း ချစ်သူငယ်ချင်းလေး

အောင်နိုင်ဝင်းအားချီးကျူးဂုဏ်ပြုလိုက်ပါကြောင်း။







                    ကျေးဇူးကြီးသောချစ်သူငယ်ချင်းများအား

တစ်ယောက်စီဖော်ပြပေးပါတော့မည်

                      ကိုNyi

Friday, 5 December 2014

ပထမဆုံးသူငယ္ခ်င္း(၁)

သူငယ်ချင်း နာမည်က အောင်နိုင်ဝင်း ပါ။

ကျနော်တို့ငယ်ငယ်က သင်ခဲ့ရတဲ့ ပျဉ်းမနားမြို့နယ်ရဲ့

မထင်ရှားတဲ့ရွာငယ်လေးမှာရှိတဲ့ အ.မ.က(၁၂)

လဲလူးအိုင်ဆိုတဲ့ကျနော့်ရွာကျောင်းလေးမှာ မူလတန်း

ကျောင်းသားဘဝက အတန်းဖော်စာကျက်ရင်း

အပြိုင်စာကြိုးစားခဲ့တဲ့သူငယ်ချင်းလေးပေါ့။

ဒီနှစ်ဒီအတန်းမှာ သူက ပထမဆို

ကျနော်က ဒုတိယ နောက်နှစ်နောက်အတန်းမှာ

ကျနော်ကပထမဆို သူကဒုတိယ နဲ့

ကျနော်တို့နှစ်ယောက်က စာနဲ့ပတ်သက်ပြီး

ပြိုင်ဘက်တွေ စာပြိုင်ဘက် စာကျက်ဘက်

တွေလည်းပြောနိုင်ပါတယ်။

ဒီလိုနဲ့ ကျနော်တို့ မူလတန်းဘဝကနေ

အလယ်တန်းစတင်ပြီးတက်ရောက်ချိန်မှာတော့

ကျနော်တို့နှစ်ယောက်လုံး ပျဉ်းမနားမြို့ရဲ့

အ.လ.က (၂) ဆိုတဲ့ အလယ်တန်းကျောင်းလေးမှာ

ပညာဆက်လက်သင်ကြားကြပါတယ်။

ကျနော်တို့စပြီးသင်ခဲ့တဲ့ကျောင်းလည်းတူပါတယ်။

ဆက်ပြီးတက်နေတဲ့ကျောင်းလည်းမကွဲပြားပါဘူး။

ဒါပေမယ့် ကျနော်တို့နှစ်ယောက်ရဲ့အခြေနေတွေကတော့

လုံးဝမတူတော့ပါဘူး။ သူနဲ့ကျနော်

အလယ်တန်း လေးနှစ်လုံး အခန်းအတူတူ

မနေဖြစ်ကြပါဘူးဗျာ။

အဲ့လိုအတူမနေဖြစ်တဲ့ ရလဒ်ကတော့

ကျနော်ဟာ အတန်းထဲမှာ ဘာမှမဟုတ်တော့အောင်

ပျက်စီးလာခဲ့ပါတယ်။ အကြောင်းကတော့

ကျနော့်နားမှာ ကျနော့်ကို လှုံ့ဆော်ပေးမယ့်

သူငယ်ချင်းကောင်းမရှိတော့သလို ကျနော်ကိုယ်တိုင်

ပျော်သလို ပျက်စီးလာတာကြောင့် အမြဲတမ်း

ကျနော့်ကို အတန်းထဲမှာ တွေ့ရခဲလာပါတယ်။

ကျောင်းပျက်ဘို့ ဝန်မလေးတော့သလို

အမှားလုပ်ဘို့တွန့်ဆုတ်မနေတော့ပါဘူး။

ကျနော်ကအဲဒီအချိန်က အရမ်းကိုဆိုးသွမ်းသူ

တစ်ယောက်မဟုတ်ပေမယ့် အတန်းထဲမှာ

မလိုအပ်တဲ့ လူပိုတစ်ယောက်ရယ်ပါ။

အဲ့ဒီ အလယ်တန်းကျောင်းသားဘဝမှာ

သူငယ်ချင်းလေး ကတော့ သူ့အတန်းမှာ

အမြဲတမ်းအရေးပါ အရာရောက်နေသူတစ်ယောက်ပါ။

ကျနော်တို့အခြေနေတွေကွာခြားသွားကြပါတယ်။

ကျနော်က လူပိုတစ်ယောက်ဖြစ်နေပေမယ့်

သူက အတန်းခေါင်းဆောင်တစ်ယောက်

ဆရာဆရာမတွေရဲ့ ချီးကျူးထောပနာ

အမြဲတမ်းအပြုခံနေရသူတစ်ယောက်

ဖြစ်နေခဲ့ပါတယ်။

မူလတန်းကအခြေနေတွေကို သိကြတဲ့

သူငယ်ချင်းတွေက ပြောကြတယ်

"နင်ဘယ်လိုဖြစ်သွားတာလဲတဲ့"

"ငါလည်းမသိဘူးဟာ "

အဲ့ဒီထက် ကျနော်ပိုပြီး မဖြေတတ်တော့ပါ။

ဒီလိုနဲ့ ကျနော်တို့ ပဉ္စမ ဆဋ္ဌမ သတ္တမ အဋ္ဌမ

ဆိုတဲ့ အလယ်တန်းအဆင့်အတန်းတွေကို

အောင်မြင်ကျော်လွန်နွေတစ်နေ့မှာ ကျနော့်

သူငယ်ချင်း အောင်နိုင်ဝင်း တစ်ယောက်

ကျနော့်အိမ်ဆီ ရောက်လာခဲ့ပြီး ခုလိုပြောပါတော့တယ်

" ကိုထွေး မင်းဒီနှစ်အထက်တန်းကို

ဘယ်ကျောင်းမှာတက်မှာလဲ မင်း ဟိုအရင်လို

ငါနဲ့အတူမတက်ချင်ဘူးလား

ငါ့လိုမနေချင်ဘူးလား မင်းအကြောင်းတွေ

ငါအားလုံးကြားတယ် ဘယ်လိုလဲ

မင်းမပြင်ချင်တော့ဘူးလား

အချိန်တွေရှိပါသေးတယ် အလယ်တန်းမှာလို

အထက်တန်းမှာ ပေါ့ပျက်ပျက်လုပ်နေရင်

မင်း မြောင်းထဲရောက်သွားလိမ့်မယ်"

"အန်တီရယ် ကိုထွေးကို ကျနော်နဲ့ အတူနေဘို့

ပြောပေးပါလား"

အမေက ကြောင်နေတယ် အရင်ကဆို

ကျနော့်အမေက သူ့ကိုလုံးဝကြည့်မရဘူးလေ။

သူက ငါ့သားထက်သာသွားပြီဆိုတဲ့ မိဘတွေရဲ့

အတ္တကြောင့်ပေါ့ ။ ခုတော့အမေ ဝမ်းသာမဆုံးဘူး

ဖြစ်နေတာလေ သူ့သားကိုပစ်မထားတဲ့

သူငယ်ချင်းကောင်းလေးရဲ့စိတ်ဓါတ်ကိုလည်း

တော်တော် လေးစားမြတ်နိုးနေပုံလည်းပေါ်နေတယ်။

ကျနော်မငြင်းပါ သူလို အောင်နိုင်သူက ကမ်းလင့်လာတဲ့

အားပေးတဲ့ လက်အစုံကို ကျနော်အမိအရ 
ဆုပ်ယူလိုက်ပါတယ်။ သူကျေနပ်သလိုကျနော်လည်း

ပျော်ရွှင်ခဲ့ရပါတယ် ကျနော်တို့ပြန်ပြီး

ယှဉ်ပြိုင်ကြရတော့မယ်လေ သူက ကျနော့်ကို

ခုချိန်ထိ ပြိုင်ဘက်တစ်ယောက်လို လက်ခံပေးသေးတာက

ကျနော့်အတွက်မဟာဆုလာဘ်တစ်ခုပေါ့ဗျာ။

ကျနော် သူကို ကတိပေးလိုက်တယ်

" အေး ငါလည်း မင်းနဲ့အတူ အမှတ်(၂)မှာပဲ

အခန်းအတူဖြစ်အောင် အတူတူ လိုက်အပ်မယ်လေ"

သူပျော်သွားတယ်။

ဘယ်လိုကြောင့်ဆိုတာ နောက်မှသိခွင့်ရခဲ့ပါတယ်။

ကျနော်နဲ့ သူငယ်ချင်း အောင်နိုင်ဝင်း အောင်ဝင်းစိုး

နေမင်းထွန်း ဆိုတဲ့သူငယ်ချင်းလေးယောက်

အ.ထ.က(၂) ပျဉ်းမနား ဆိုတဲ့ ကြီးကျယ်ခမ်းနားတဲ့

အထက်တန်းကျောင်းကြီးမှာ အထက်တန်းကို

အစဖြစ်တဲ့ နဝမ တန်းကိုစတင်ပြီးသင်ကြားခဲ့ကြပြီပေါ့။

ဆိုခဲ့တဲ့ သူငယ်ချင်းတွေက ငယ်စဉ်ကတည်းက

အတူတူကျောင်းတက်လာကြတဲ့သူငယ်ချင်းတွေပေါ့။

ကျနော်တို့ ကိုးတန်းမှာက အခန်းဆယ်ခန်းတောင်ရှိတာ။

ကျနော်တို့က ဇီဝဗေဒ တွဲတွေ ယူထားကြပြီးတော့

အခန်းက (ဆ) လေ။ နဝမတန်း (ဆ) ပေါ့ ။

ထူးခြားတာက ကျနော်တို့ရဲ့ကျေးဇူးရှင်အတန်းပိုင်

ဆရာမက ဇီဝဗေဒဘာသာသင်တဲ့ ဆရာမဒေါ်ခင်စန်းဝေပါ။

ကျနော်တို့ လေးယောက်က ပိုထူးခြားတယ်ဗျ။

အားလုံးကို အိမ်က ငယ်လေးလို့ခေါ်ကြတာ။

တွဲမိတော့လည်းအားလုံးက ငယ်လေးတွေချည်းပဲ။

တခါတလေ ငယ်လေးခေါ်သံကြားရင် အားလုံးက

ပြိုင်တူထူးနေတတ်ကြတယ်ဗျ။

ဒီလိုနဲ့နှစ်ဝက်လောက်ရောက်တော့ ဆရာ ဆရာမတွေက

ကျနော်တို့အဖွဲ့လေးကို သတိထားမိလာကြတယ်။

ကျူရှင်လည်းမတက်ဘဲ စာလိုက်နိုင်ကြတယ်။

စာကြိုးစားကြတယ်လို့ လက်ခံပေးလာကြတယ်။

အဓိက ဇာတ်ဆောင်ကတော့ သူငယ်ချင်းအောင်နိုင်ဝင်းပေါ့

နှစ်ဝက်ဖြေပြီးတော့ နေမင်းထွန်းဆိုတဲ့

သူငယ်ချင်းက အလုပ် လုပ်မယ်ပြောပြီး ကျောင်းထွက်သွားခဲ့တယ်။

အဲ့ဒီတော့ ကျနော်တို့အုပ်စုက ပိုသေးသွားတယ်

သုံးယောက်ပဲကျန်တော့တာလေ။

ကျနော်ကသိမ်ငယ်တတ်လေတော့ သူငယ်ချင်းက

အမြဲအားပေးရှာတယ် သူက ကျနော့်ထက်

အရာရာတော်ပြီးရင့်ကျက်သူတစ်ယောက်ပါ။

သူအမြဲပြောတာက

"တစ်ကောင်တည်းလည်း ငါတို့က ကေသရာဇာ​​​​​ခြ​သေ့မင်းကွ"

အဲ့ဒီစကားလုံးလေးနဲ့ ကျနော့်ကို အမြဲနှစ်သိမ့်ပေးခဲ့တယ်။

အောင်ဝင်းစိုးက ကျနော်တို့အထဲမှာ အသက်အားဖြင့်

အကြီးဆုံးဆိုပေမယ့် ကလေးဆန်ဆန်ပျော်တတ်တယ်။

ကျနော်က ကလေးဆန်တဲ့သူငယ်ချင်းနဲ့

လူကြီးလိုတွေးတတ်မြင်တတ်တဲ့သူငယ်ချင်းနှစ်ယောက်နဲ့

အလိုက်သင့်စီးမျောလာလိုက်တာ တက္ကသိုလ်ဝင်တန်းကို

ရောက်လာတော့ ကျနော်က သူငယ်ချင်းကို

ပြိုင်ဘက်လိုသဘောမထားတော့ပါဘူး။

ကျနော်တို့က အရမ်းချစ်တဲ့ညီအစ်ကိုတွေလို

ဖြစ်လာကြတယ်။ ကျနော်က အားလုံးထဲမှာ အငယ်ဆုံး ။

ကျနော်က အောင်ဝင်းစိုးကို ဆိုးတယ်

ငယ်လေးလို့ပဲရင်းရင်းနှီးနှီးခေါ်ဖြစ်လာတယ်။

အောင်နိုင်ဝင်းကိုတော့ အောင်နိုင်လို့ခေါ်ပြီး

အနိုင်ယူလာခဲ့တယ်။ဒါက ကျနော့်ရဲ့မူလဝါသနာလေ။

အားလုံးကတော့ကျနော့်ကို ကိုထွေးပဲခေါ်ကြတယ်။

အထက်တန်း စတက်စဉ်ကတည်းက အတန်းပိုင်ဆရာမက

ကျနော်တို့ကိုသတိထားမိလေတော့ တနေ့မှာ

ကျနော်တို့ကိုခေါ်တွေ့တယ်ဗျ။

ကျနော်တို့အတွက် အထက်တန်းကျောင်းသားဘဝမှာ

လိမ္မာခဲ့တာတွေကိုအသိမှတ်ပြုခံရတဲ့နေ့လေးပေါ့။

"ငါ့သားတို့ကျူရှင်မတက်ကြဘူးလား

ဘယ်မှာတက်နေလဲ ဘာလို့မတက်တာလဲ"

ဆရာမရဲ့အမေးကို ကျနော်တို့မဖြေရသေးခင်မှာပဲ

"မင်းတို့ကိုဆရာမက ကျူရှင်တက်စေချင်တယ်

အတန်းထဲမှာစာလုပ်တာလည်းဆရာမသိပါတယ်

မင်းတို့ကြိုးစားမယ်ဆိုရင်ဆရာမကကျူရှင်တစ်ခုမှာ

သက်သက်သာသာနဲ့တက်ခွင့်ရအောင်ပြောပေးမယ်

ဘယ်လိုလဲ တက်မလား"

မညှိနေဖြစ်ပါ ပြိုင်တူပဲပြောမိကြတယ်။

"ကျနော်တို့တက်ချင်ပါတယ်ဆရာမ

ပိုပြီးတော့လည်ကြိုးလည်း ကြိုးစားပါ့မယ်"

"ဒါဆို ဆရာမကျူရှင်ကိုပြောပေးမယ်"

ညနေရောက်တော့ ဓါတုသင်တဲ့ဆရာမကကျနော်တို့ကို

အခေါ်လွှတ်တာနဲ့ကျနော်တို့ဆရာမတွေ နားနေဆောင်ကို

အပြေးသွားကြရတယ်ဗျ။

ဟိုမှာက ကျေးဇူးရှင်ဆရာမက အပြုံးချိုချိုနဲ့

ကျနော်တို့ကိုကြိုဆိုနေပါတော့တယ်။

ရောက်တာနဲ့ ဆရာမက

" ဒီကလေးတွေပါ ဆရာမကြီး ကျမတော့ သူတို့

နေထိုင်ပုံ ကြိုးစားပုံလေးတွေကိုသတိထားမိလို့

နောက်ပြီးတတ်လည်းမတတ်နိုင်ကြဘူး"

"သူတို့က နဲနဲ ချို့တဲ့ကြတယ်ဆရာမ"

"ဆရာမ ကလေးတွေဆိုတော့ ကျမလည်းသတိထားမိပါတယ်

သူတို့တက်မယ်ဆိုရင် လွှတ်လိုက်ပါ

သားတို့ကလည်းကြိုးစားရမယ်နော်"

"ဟုတ်ကဲ့ပါ ဆရာမ"

ဒီလိုနဲ့ ကျနော့်သူငယ်ချင်းလေး အောင်နိုင်ရဲ့

ကျေးဇူး ဆရာမတွေရဲ့ ချီးမြှောက်တတ်တဲ့

ပရဟိတ စိတ်ကြောင့် ကျနော်ဆယ်တန်းကို

ဘာသာစုံသင်တန်းနဲ့ကျူရှင်တက်ခွင့်ရခဲ့ပါတယ်………………………